
အပူလျှပ်တယ်ဆိုရင် မြန်မာနိုင်ငံမှာလူအများစုက နေပူထဲကပြန်လာပြီး ရုတ်တရက်ရေချိုးလိုက်တာတို့၊ မျက်နှာသစ်လိုက်တာတို့ကြောင့်လို့ ထင်နေကြတယ်။ ရုတ်တရက် သတိလစ် အသက်ရှူရပ်သွားတယ်ပေါ့…
တကယ်တမ်းတော့ အဲ့ဒါဟာ အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်ပြီး ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့် အရေပြားထဲရှိ သွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမ ဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်ပါတယ်… မကြာဘူး စက္ကန့် ပိုင်းအတွင်း သေသွားနိုင်ပါတယ်….
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင် ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင် မှာပါပဲ… အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်… တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့ ဒီလို မသက်သာပါဘူး…. ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်…. အပူလျှပ်ခြင်း အစစ်ကတော့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ….
နွေရာသီလို ပူတဲ့အခါ ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ ချွေးတွေအရမ်းထွက်ပါတယ်…. ဆားတွေပါ ပါသွားပါတယ်… ဆားတွေများများပါသွားလေလေ ရေက မငတ်တော့လေလေ ပါပဲ… အဲ့မှာတင် ရေက မသောက်မိဘူးဖြစ်ပြီး ပိုပို ဆိုးလာတော့တာပေါ့… အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်… ဘယ်လိုထိန်းသလဲဆိုတော့ ဆီးသိပ်မသွားဘူး…. ဆီးအနေနဲ့ ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းထားပါတယ်… ဒီတော့ ဆီးအရောင်က ရင့်လာပါတယ်….
ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ကြတာလည်း ဖြစ်ပါတယ်…. ဒီလိုနဲ့ ရေက မသောက်မိတော့ ချွေးတွေ အလွန်ထွက်ပြီး ရေနဲ့ဆားတွေ ဆုံးရှုံးရတော့ လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်…. အခုထိ ချွေးကတော့ ထွက်မြဲပါပဲ…. ဒါကို Heat Exhaustion လို့ ခေါ်တာပဲ ဖြစ်ပါတယ်…. အပူလွန်၍ ပင်ပန်းခြင်းပေါ့….
ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့ ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့ ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး… သူ့ ကြည့်လိုက်ရင် ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့ အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူနေမှာ ဖြစ်ပါတယ်…. ချွေးက နည်းနည်း မှ မရှိဘူးဆိုရင်တော့ သေချာပေါက် Heat stroke အပူလျှပ် သွားပါပြီ… ဆေးရုံကို မြန်မြန်ပြေးသင့် နေပါပြီ….
ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင် ဘာလုပ်ရမှာလဲ ဆိုတော့ အပူကျအောင် လုပ်ရပါမယ်…. အဓိကမှတ်ထားရမှာက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး…. Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်….ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီး တိုက်ရပါမယ်…. သီးစုံဓာတ်ဆား မတိုက်သင့်ပါဘူး… Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး….. အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပဲ ဖြစ်ပါတယ်…..
လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့ ရေခဲသေတ္တာထဲ အအေးခံထားတဲ့ အငံ ပုလင်း NS ကို သွေးကြော ကနေ မြန်မြန်ချိတ်သွင်းရပါမယ်…. အဝတ်တွေ အကုန်ချွတ်သင့်ပြီး Air con ခန်းထဲခေါ်ရပါမယ်….Air con ကို Dehumifying mode (or) Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်… ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်….ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း တစ်ခါလောင်းပေးရပါမယ်… သွေးကြောတွေ ပွင့်ကျယ်လာအောင် ဖြစ်ပါတယ်…
တစ်ခု ထူးခြားတာက အပူလျှပ်ခြင်း ဖြစ်သွားရင်တော့ ဆေးရုံမှာ ကုသပေမယ့်လည်း ၁၀၀မှာ ၂၀ယောက် လောက်က သေတာပါပဲတဲ့… ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်…. ကာကွယ်တာလည်း မခက်ပါဘူး… ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ် မူတည်ပြီး သောက်ပေးနေရုံပါပဲ… သွေးတိုးသမားတွေ ကတော့ ရေပဲ အဓိကသောက်ရမှာလည်း ဖြစ်ပါတယ်…. အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာ ဖြစ်ပြီး အရမ်းလည်း အပင်ပန်းမခံဖို့ လိုအပ်ပါတယ်…. ဒီလိုဆိုရင် အပူလျှပ်ဖို့ ကြောက်စရာမလိုအောင် မိတ်ဆွေက ဘေးကင်းနေပါပြီနော်…..
Ref : အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ (Dr. မျိုးသန့်နိုင်-ဆေး မကွေး)