Categories
Food

အိမ်ထဲအောင်းနေရတုန်း လက်လုပ်ဒိန်ချဉ်ကောင်းကောင်းလေး လုပ်စားကြရအောင်…..

Made in Myanmar လို့ခဏခဏအော်နေကြတော့ အိမ်ထဲမှာအောင်းရင်းလက်လုပ်ဒိန်ချဉ်ကောင်းကောင်းလေး လုပ်စားဖို့အတွက် စိတ်ကူးကောင်းလေး တစ်ခု ရမိပါတယ်… ဒါကြောင့် ဒီနေ့လေးမှာ လက်လုပ်ဒိန်ချဉ် ရရှိအောင် ဘယ်လိုပြုလုပ်ရလဲဆိုတာ ပြောပြပေးချင်တယ်…..

ပါဝင်ပစ္စည်းများ

– မြေအိုးတစ်လုံး

– နွားနို့ကျိုပြီးသား စားပွဲတင်(၃) ဇွန်းခန့်

– နွားနို့

– ကျိုချက်ရန် အိုးသန့်သန့်တစ်လုံး

ပြုလုပ်ပုံ အဆင့်ဆင့်

၁) ခြောက်နေသော မြေအိုးထဲသို့ နွားနို့ ကျိုပြီးသား အနည်းငယ်ကို စားပွဲတင် (၃) ဇွန်းခန့် ထည့်ပြီး အဖုံးဖုံးထားကာ နေပူထဲတွင် နေ့တပိုင်းခန့် ထားပေးပါ…။ အတွင်းမှ နို့လေးများခဲပြီး ဒိန်ချဉ်နံ့ထွက်လာပြီ ဆိုရင်တော့ ယူလိုက်လို့ ရပါပြီ…။

၂) အိုးသန့်သန့်တစ်ခုတွင်  နွားနို့ကို ထည့်ပြီး ဆူပွက်လာအောင် (၁၀) မိနစ်ခန့် တည်ပေးပါ..။

၃) ဆူပွက်လာပြီဆိုရင်တော့ ကြက်သီးနွေး အနေအထားအထိ ရောက်အောင် အအေးခံပါ။

၄) လိုအပ်တဲ့ အနေအထားကို ရောက်ပြီဆိုရင်တော့ အဆင့်(၁) က ပြုလုပ်ထားတဲ့ ဒိန်ချဉ်ထဲကို အနည်းငယ် ထည့်ပြီး အခဲလေးများ ကြေသွားအောင် ချေပေးပါ…။

၅) ချေပြီးပြီဆိုရင်တော့ ပူနွေးသောနေရာတစ်ခုသတ်မှတ်ပြီး ကျန်နွားနို့တွေကိုပါ လောင်းထည့်ပြီး သမအောင် တစ်ချက် မွှေပေးပါ..။ မွှေပြီးရင် အဖုံးကို လုံအောင် ပိတ်ထားပြီး မရွေ့မပြောင်းဘဲ ထားထားပေးပါ…။

၆) ၆ နာရီခန့် စောင့်ပြီးပြီဆိုရင်တော့ ဓာတုဗေဒ ကင်းဝေးတဲ့ ကိုယ်တိုင်လုပ် ဒိန်ချဉ်လေး ရရှိပြီးဖြစ်လို့ အရသာရှိစွာ သုံးဆောင်နိုင်ပြီလည်း ဖြစ်ပါတယ်နော်…..

အခုပြောပြပေးခဲ့တဲ့ အိမ်တွင်းဒိန်ချဉ်ပြုလုပ်နည်းလေးကို မှတ်သားပြီး မိတ်ဆွေ သူငယ်ချင်းတို့ ကိုယ်တိုင်လည်း ပြုလုပ်ပြီး သုံးဆောင်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်နော်…..

Ref : Shwe Sagar (Aung Myo Hlaing)