
ဟင်းကောင်းတစ်ခွက်ဆိုတာ ကိုယ်ချစ်ရတဲ့သူတွေအပေါ် ဘယ်လောက်အထိချစ်မေတ္တာရှိကြောင်း ဖော်ပြရတာနဲ့တူသလဲဆိုတာကို မိတ်ဆွေတို့လည်းသိပြီးသား ဖြစ်ကြမှာပါနော်…. ဒီတော့ ဒီနေ့လေးမှာ ချစ်ခြင်းကို ပြသနိုင်ဖို့ အကောင်းဆုံး ဟင်းလျာတစ်ခွက် ချက်နည်းကို အောက်မှာ ဖော်ပြပေးလိုက် ရပါတယ်နော်….
ထမင်းမြိန်ပြီး လူကြိုက်များတဲ့ ငါးသလောက်ပေါင်း / ငါးအရိုးနူးပေါင်း နည်းလေး ဖြစ်ပါတယ်.. တချို့ ငါးသလောက် မတည့်တဲ့ သူများအတွက်လည်း အခြားငါးတို့နဲ့ အစားထိုးပြီး ချက်နိုင်ပါတယ်… ငါးသလောက် အပြင် မြန်မာပြည်မှာတော့ ငါးကြင်းကို အစားထိုး ချက်လေ့ ရှိကြပါတယ်… ချက်စားကြည့်လိုက် ကြရအောင်နော်….
ပါဝင်ပစ္စည်းများ
ငါးသလောက်/ ငါးကြင်း/ Milkfish – ၆ဝဝ ဂရမ် (၄၀ ကျပ်သားခန့်)
ကြက်သွန်နီ – ၅ လုံး
ကြက်သွန်ဖြူ – ၁၀ မြွှာ
ချင်း – ၁ တက်
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းခတ်မှုန့် – အနည်းငယ်
ဆား – စားပွဲ ဇွန်း ၁ ဇွန်း
ရှလကာရည် – ရေနွေးပန်းကန်လုံး ၁ လုံး
ငရုတ်သီးခြောက် – ၁၀ တောင့်
စပါးလင် – ၂ ချောင်း
ဆီ – လိုသလောက်
ပြုလုပ်နည်း
၁။ ငါးသလောက် (သို့မဟုတ်) မိမိ နှစ်သက်ရာ ငါးကို ရေဆေး သန့်စင်၍ လိုသလို လှီးဖြတ်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ရှလကာရည်၊ ချင်းထောင်း တစ်ဝက်၊ ကြက်သွန်ဖြူ (၅) မြွှာ ၊ ကြက်သွန်နီ ၃ လုံး ခြမ်း၍ ထည့်ပြီး နယ်ထားပါ… မီးဖိုမှာ တိုက်ရိုက် မပေါင်းဘဲ ချက်ပါက စပါးလင်ကို ထုပြီး အိုးအောက်ခြေ မှာ ခင်းပါ… ကြံကိုလည်း အစားထိုး အသုံးပြု နိုင်ပါတယ်….
၂။ အရသာ နယ်ပြီးပါက ထမင်းပေါင်းအိုးထဲ ထည့်ပြီး ရေဖုံးအောင် ထည့်ပါ…
၃။ လက်ကျန် ကြက်သွန်နီ (၂ ) လုံးကို ပါးပါးစိတ်ပြီး ကြက်သွန်ဖြူ (၅) မြွှာကို ထောင်းထားပါ… ငရုတ်သီးခြောက်ကို ရေစိမ်ပြီး ထောင်းထားပါ… စပါးလင်ကို ထုပြီး လှီးဖြတ်ထားပါ…
၄။ အဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲ ဆီထည့်ပြီး စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း လက်ကျန် တစ်ဝက်နှင့် ငရုတ်သီး ထောင်းထားသည် တို့ကို ဆီသတ်ပြီး ဆား အနည်းငယ် ထည့်ပါ….
၅။ ပြီးလျှင် ငါးသလောက် ပေါင်းမည့် အိုးထဲ ရောထည့်ပြီး အရိုးနူးသည် အထိ တည်ပေးပါ… (၄) နာရီခန့် ကြာမြင့် တတ်ပြီး လိုအပ်ပါက ရေ ထပ်ထည့်ပါ… အရိုးနူး ပါက ရေခန်း ဆီပြန်သည်အထိ ထားပြီး အရသာ အပေါ့အငန် မြည်းကာ တည်ခင်း သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်….
၆။ ထမင်းပေါင်းအိုးကို အသုံးပြုခြင်းဖြင့် အိုးကပ်တူးခြင်း မဖြစ်အောင် ကာကွယ် နိုင်ပါတယ်… မီးဖိုမှာ တိုက်ရိုက် ချက်ပါက မီးအနေအထားကို အထူးဂရုပြု ရမှာ ဖြစ်ပါတယ်… အရိုးနူး ပေါင်းအိုး Pressure Cooker ဖြင့် ချက်ပါက အချိန်ကုန် သက်သာပြီး မီးအားကုန် သက်သာစေမှာ ဖြစ်ပါတယ်….
အခုကျွန်တော်ပြောပြပေးခဲ့တဲ့ ငါးသလောက်ကို အရိုးနူးအောင် အိမ်မှာပဲ ကိုယ်တိုင် ချက်ပြုတ်ပြီး အရသာရှိရှိ သုံးဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးကို အသုံးပြုပြီး ကိုယ့်ရဲ့ ချစ်ရသူ ခင်ရသူတွေ မြတ်နိုးရတဲ့သူတွေဆီ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ပြသနိုင်ဖို့အတွက် ပြောပြပေးလိုက်တာမို့ အခုပဲ စမ်းသပ်ကြည့်လိုက် ကြပါဦးနော်…..
Ref : ဟင်းချက်ကြမယ် (ဟင်းချက်နည်း အစုံ)